နမ့်ခုတ်၊ မယ်ဆိုင်နှင့် မဲခေါင်မြစ်များအတွင်း မြန်မာဘက်ရှိ ရွှေမိုင်းများနှင့် သတ္တုတူးဖော်မှုများကြောင့် ရေဆိုးများ ညစ်ညမ်းလာခြင်းသည် ထိုင်းပြည်သူများ၏ အသက်အန္တရာယ်နှင့် စီးပွားရေးအပေါ် ထိခိုက်မှုများ ဖြစ်စေနေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများက ပြောကြသည်။ ထိုင်းနိုင်ငံမှ Rak Chiang Khong ကွန်ရက်အဖွဲ့အပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းများက မေလ ၂၄ ရက်နေ့က မြစ်များ၏ဂုဏ်ဒြပ်ကို ထိန်းသိမ်းရန် ပူဇော်ပွဲနှင့်အတူ မြန်မာ၊ ထိုင်း၊ တရုတ်အစိုးရနှင့် “၀” တပ် UWSA တို့ထံသို့ မိုင်းလုပ်ငန်းများ ပိတ်သိမ်းရေးကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။ မြန်မာဘက်ခြမ်းတွင် တရုတ်ပိုင် မိုင်းလုပ်ကွက်များ တိုးပွားလာနေပြီး GISTDA ဂြိုဟ်တုဓာတ်ပုံအရ ထိုလုပ်ကွက်များသည် နိုင်ငံတကာသတ္တုစံနှုန်းများကို မလိုက်နာကြောင်း၊ အာဆင်းနစ်အက်ဆစ်နှင့် သတ္တုဓာတ်များသည် မြစ်ရေများသို့ ပျော်ဝင်နေကြောင်း ပြောကြသည်။ ထိုအကျိုးဆက်အဖြစ်၊ သက်ဆိုင်ရာမြစ်များတွင် ငါးများ သေဆုံးခြင်း၊ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းများ၌ရေသုံးစွဲမှုအပေါ် သက်ရောက်မှုရှိလာပြီး စီးပွားရေးနစ်နာမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ဇွန် ၅ ရက်တွင် ထိုင်းအဖွဲ့အစည်းများက လက်မှတ်ကောက်ခံမှုနှင့် လမ်းလျှောက်ဆန္ဒပြပွဲတစ်ခုကို စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။




