ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာကြီး၏ အပူချိန်သည် ၂၀၂၃ ခုနှစ်က တင်ခဲ့သည့် အပူဆုံးစံချိန်ကို ကျော်ဖြတ်ခဲ့ပြီး အပူဆုံးနှစ်ဖြစ်ခဲ့သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားသည်။ ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ ပျမ်းမျှအပူချိန်သည် ၁၉ ရာစု ဒုတိယရာစုနှစ်ဝက်ကာလ (၁၈၅၀-၁၉၀၀) တွင်ရှိခဲ့သည့် တစ်ကမ္ဘာလုံးပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅၅ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ခန့် ပိုမိုပူပြင်းလာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းက ပြင်းထန်သည့် ရာသီဥတုဖောက်ပြန်ခြင်းများနှင့်အတူ ရေကြီးရေလျှံခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ တောမီးများ လောင်ကျွမ်းခြင်းတို့ကဲ့သို့ ဖြစ်စဉ်များကို ပိုမိုဖြစ်ပေါ်စေသည်။



