ထိုင်း ဗဟိုဘဏ်ရဲ့ ဒေတာ အရ ဘဏ်အကောင့် ၈၉ ရာခိုင်နှုန်းမှာ ဘတ် ၅၀,၀၀၀ အောက်ပဲ ရှိတယ်လို့ သိရပါတယ်။ ဘတ် သန်းချီပြီး ထည့်ထားတဲ့ ဘဏ်အကောင့်တွေက ၁ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။ ဒါဟာ ထိုင်းမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုကြီးမားနေတာကို ပြသနေပါတယ်။အဲဒါဟာ ထိုင်းမှာ လူအများစုရဲ့ လူနေမှုဘဝကို မီးမောင်းထိုးပြထားတာ ဖြစ်ပြီး နောက်ဆက်တွဲ အနေနဲ့ နိုင်ငံ စီးပွားရေး မတည်ငြိမ်မှုကို ဖြစ်စေနိုင်ပါတယ်။ ထိုင်း လူမျိုး များစွာဟာ ငွေကြေး မစုဆောင်းနိုင်ကြဘဲ စားဝတ်နေရေးကိုပဲ ခက်ခဲစွာ ဖြေရှင်းနေကြရပါတယ်။ လခစား ဝန်ထမ်း၊ Freelancer နဲ့ အခြေခံ အလုပ်သမားတွေဟာ မတည်ငြိမ်တဲ့ ဝင်ငွေပေါ်မှာ ရပ်တည်နေကြရပါတယ်။ ဒါ့အပြင် အစားအစာ၊ ခရီးသွားစားရိတ်နဲ့ ဆေးကုသတဲ့ စားရိတ်တွေဟာ မြင့်မားနေပါတယ်။



