ထိုင်း အစိုးရရဲ့ မကြာခင်က စစ်ဆေးချက်အရ ချင်းရိုင် ပြည်နယ်မှ Kok နဲ့ Sai မြစ်တွေထဲမှာ အာဆင်းနစ် နဲ့ ခဲ ဓါတုပစ္စည်း ပါဝင်မှုဟာ မြင့်မားနေပြီး ဒေသခံတွေနဲ့ ငါးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ချင်းမိုင်မှ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာန ၁ က Kok၊ မဲခေါင်နဲ့ Sai မြစ်ထဲကို စီးဝင်တဲ့ ရေလမ်းကြောင်း ၈ ခုကို မေလထဲမှာ စစ်ဆေးခဲ့ပါတယ်။ Korn ၊ Lao နဲ့ Sruay မြစ်ထဲက ရေတွေဟာ ဘေးကင်းလုံခြုံရေး စံနှုန်းနဲ့ကိုက်ညီပေမယ့် မဲခေါင်နဲ့ Sai မြစ်မှ နေရာများစွာမှာ သတ္တုဓါတ် ပါဝင်မှု မြင့်မားနေပါတယ်။ ဒေသခံ ငါးမျိုးစိတ်တွေမှာ ကျန်းမာရေး ချို့တဲ့တဲ့ လက္ခဏာတွေတွေ့ခဲ့ရပါတယ်။ Chiang Saen မှ မဲခေါင်နဲ့ Kok မြစ်နှစ်စင်း စုံတဲ့အနားက နေရာ ၂ ခုမှာ စစ်ဆေးကြည့်တဲ့အခါ အာဆင်းနစ် ပါဝင်မှုဟာ ဘေးကင်းတဲ့ စံနှုန်းဖြစ်တဲ့ 0.01 mg/L ထက်ကျော်လွန်နေပြီး 0.031 mg/L နဲ့ 0.036 mg/L ရှိပါတယ်။



