စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မြို့သိမ်းနယ်လမ်းပိုင်းကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုဆက်လက်အသုံးပြုနေရဆဲလို့ ကားသမားတွေကပြောပါတယ်။ကန့်ဘလူမြို့နယ် ဇီးကုန်း၊ ပေကြီး၊ စံပါယ်နံ့သာ စတဲ့ကျေးရွာတွေတစ်ဝှိုက်က ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတာကြောင့် ကားသမားတွေဟာကွင်းလမ်းကိုအသုံးပြုနေရတာလို့သိရပါတယ်။လက်တလောမှာတော့ ကန့်ဘလူမြို့နယ်အတွင်းမိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြေကြီးလမ်းဖြစ်တဲ့အဲ့ဒီကွင်းလမ်းဟာ အသုံးပြုလို့မရလောက်အောင်ဆိုးဆိုးဝါးဝါးပျက်ဆီးနေပြီး ကချင်ပြည်နယ်ဘက်ကိုတက်လာတဲ့ကားတွေပိတ်မိနေတာ ၅ ရက်ခန့်ရှိလာပြီလို့ အဲ့ဒီလမ်းပိုင်းမှာရှိတဲ့ ကားဂိတ်မှူးတွေကပြောပါတယ်။



