ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းလျှင် ယမန်နှစ်ကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်မည်ကို စိုးရိမ်နေလျက်ရှိကြောင်း ဒေသခံများကပြောသည်။ မေလ ၂၀ ရက်နေ့မှစ၍ သျှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေရာအနှံ့အပြား မိုးထစ်ချူန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။ မိုးအဆက်မပြတ်ရွာသွန်းပါက တောင်ကျချောင်းရေများ တဟုန်ထိုးစီးဆင်းလာပြီး မယ်ဆိုင်ချောင်းရေလျှံကာ ရေကြီးရေလျှံမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လေ့ရှိသည်။ ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် သတ္တုတွင်းကထွက်သည့် ဓာတုစွန့်ပစ်ပစ္စည်းများသည် မိုင်းဆတ်ဒေသမှ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ထဲသို့ ဖြတ်သန်းစီးဆင်းသော နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်ကာ ရေအရင်းအမြစ်များကို ညစ်ညမ်းစေသောကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်လာနိုင်ကြောင်း သိရသည်။



