အင်ဒိုနီးရှားရေတပ်သည် ယခုသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၂၅ သန်းတန်ဖိုးရှိ စိတ်ကြွဆေးနှင့် ကိုကင်းများကို သယ်ဆောင်လာသည့် ထိုင်းအလံတင် စက်လှေတစ်စင်းအား ဖမ်းဆီးရမိခဲ့ပြီး သင်္ဘောပေါ်တွင် တွေ့ရှိသော ထိုင်းအမျိုးသားတစ်ဦးနှင့် မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးခဲ့ကြောင်း ရေတပ်က သောကြာနေ့ (မေ ၁၆တွင် ပြောကြားခဲ့သည်။ Riau Islands အနီး စက်လှေကို မီးပိတ် အမှောင်ချထားကာ အရှိန်မြှင့်ပြီး အင်ဒိုနီးရှားရေပိုင်နက်ထဲမှ ထွက်ပြေးရန် ကြိုးစားစဉ် မသင်္ကာသဖြင့် ရေတပ်မှ ဖမ်းဆီးခဲ့သည်။ တာဝန်ရှိသူများက စက်လှေပေါ်မှ ကိုကင်း ၁ ဒသမ ၂ တန်ခန့်နှင့် အဝါရောင် အဖြူရောင်အိတ် ၁၀၀ နီးပါးနှင့် စိတ်ကြွဆေး ၇၀၅ ကီလိုဂရမ် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၄၂၅.၉၂ သန်းဖိုးကို သိမ်းဆည်းရမိခဲ့သည်။



