မိုးရာသီတိုင်း အလုပ်အကိုင်ရှားပြီး အရောင်းအဝယ်ပါးလေ့ရှိရာ ယခုနှစ်မိုးရာသီတွင် ယခင်နှစ်ထက် ပို၍ အလုပ်အကိုင်ရှားကာ အရောင်းအဝယ်ပါးနိုင်သဖြင့် အောက်ခြေလူတန်းစားများမှာ စားရေးသောက်ရေး ခက်ခဲမည်ကို စိုးရိမ်နေကြောင်း သိရသည်။လက်ရှိကာလတွင် အလုပ်အကိုင်ရှားပါးနေပြီး အလုပ်ရှာရလွယ်သည့် အထည်ချုပ်များတွင် တစ်ရက် လုပ်ခမှာ ယခင်အတိုင်းသာရှိသေးသဖြင့် တစ်ရက်တစ်သောင်းဖြင့် အိမ်စားစရိတ်မလောက်ငှမှုများရှိနေရာ အိမ်ရှိလူကုန် ကြုံရာကျပန်းလုပ်ကိုင်မှ စားလို့ရရုံသာ ရှိကြောင်း သိရသည်။



