ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မေလ ၁၅ ရက် ညနေပိုင်း ၄ နာရီ အချိန်ခန့်က မိုး သည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစံပယ် ခန်းမ အောက်ဘက် လမ်းကြား ဦးကြီးခမ်းရပ် ၊ ဂုဏ်ထူးလမ်းတွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဦးကြီးခမ်းရပ်၊ ဂုဏ်ထူးလမ်းတွင် ရေကြီးရေလျှံခြင်းကြောင့် အုတ်တံတိုင်း ပြိုလဲခဲ့ကာ လမ်းပေါ်တွင်လည်း ဒူးဆစ်မြုပ်သည်အထိ ရေလျှံခဲ့သဖြင့် မော်တော်ကား ၊ မော်တော်ဆိုင်ကယ်များလည်း ရေနစ်မြုပ်ခဲ့ရကြောင်း သိရသည်။ တောင်ကြီးမြို့ ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး အလယ်တွင် ကျွန်းမျောတုံးများ ချထားသဖြင့် ရေစီးဆင်းမှု မရှိတော့ဘဲ ရေအိုင်နေသဖြင့် မော်တော်ဆိုင်ကယ်များ ရေဝင်ပျက်စီးကာ မောင်းမရတော့ဘဲ တွန်းပြန် နေရကြောင်း ဆိုင်ကယ်မောင်းသူတစ်ဦးက လည်း ဆိုသည်။



