ငလျင်ဘေးသင့်သော မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် စသည့်ဒေသသုံးခုမှ အဆောက်အအုံများကို စစ်ဆေး၍စစ်တမ်းကောက်ယူမှုများလုပ်ဆောင်လျက်ရှိရာ လက်ရှိအချိန်အထိ အဆောက်အအုံပေါင်း ၂၀,၀၀၀ ခန့်ကို စစ်တမ်းကောက်ယူစစ်ဆေးပြီးဖြစ်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ သိရသည်။ငလျင်ဒဏ် ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျစစ်ဆေးမှုများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၏ ဦးဆောင်မှုအောက်မှ မြန်မာနိုင်ငံငလျင်ကော်မတီက လွန်ခဲ့သော ဧပြီလအတွင်း စိတ်ဝင်တစားဖြင့် ပါဝင်လုပ်အားပေးလိုသည့် အင်ဂျင်နီယာများကို ဖိတ်ခေါ်ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း စသည့် မြို့ကြီးများတွင် Earthquake Clinic များကို ဧပြီလ ၉ ရက်တွင် စတင်ဖွဲ့စည်း လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။



