နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြစ်ပွားသောဖြစ်ရပ်တွင် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာနေ မ - - - ၊ ၄၂/၂၀၂၄ နှစ်အား တရုတ်အမျိုးသားနှင့် လက်ထပ်ရန်တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြသဖြင့် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ဧည့်ဂေဟာနယ်မြေရဲစခန်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ ဇော်မင်းဆန်းနှင့် မသော်တာမင်း (လိပ်စာတူ)နေသူတို့ကို (ပ) ၅၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲခဲ့ကြောင်း သိရသည်။ထိုသို့ ပို့ဆောင်ရောင်းချသူ ဇော်မင်းဆန်းနှင့် မသော်တာဝင်းတို့နှစ်ဦးကို လယ်ဝေးခရိုင်တရားရုံးမှ ဧပြီ ၂၉ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်နေသော မဥမ္မာထွေး(ခ) မထွေး(ခ) ယွန်းငယ် ကိုလည်း ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင် နမ့်ဖက်ကာမြို့နယ် ရီယာန်ကျေးရွာနေ မ - - - ၊ ၁၇/၂၀၂၅ နှစ်အား တရုတ်အမျိုးသားနှင့် လက်ထပ်ရန် တရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းချသော မူဆယ်မြို့၊ မန့်ဝိန်းနယ်မြေ စွမ်းစော်ရပ်ကွက် “ကောင်း” ဟိုတယ်ဝင်း ဆိုင်ကယ်ဂိုဒေါင်နေ အောင်ဆန်းဦး ကို မူဆယ်မြို့မရဲစခန်းက (ပ)၃၉/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) /၄၄ ဖြင့် အမှုရေးဖွင့်၍ တရားစွဲဆိုခဲ့သည်။ထိုနောက် မူဆယ်ခရိုင်တရားရုံးမှ ဧပြီ ၂၈ ရက်တွင် တရားခံ အောင်ဆန်းဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံဖြစ်သော ဒေါ်ဝင့်ဝါထွန်းနှင့် ဒေါ်နန်းအေးဆေးတို့ နှစ်ဦးအားလည်း ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။



