မိုး/ဇလဌာနရဲ့ မနေ့ မေ ၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ နောက် ၂၄ နာရီအတွင်း မန္တလေးတိုင်းရှိ ရမည်းသင်းနဲ့ မိတ္ထီလာခရိုင်၊ ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လွိင်လင်၊ လင်းခေးနဲ့ ကျိုင်းတုံခရိုင်တို့မှာ လျှပ်တပြက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။လျှပ်တပြက် ရေကြီးခြင်းဆိုင်ရာ ကြိုတင် သတိပေးစနစ်ကနေ ရရှိတဲ့ မှတ်တမ်း အချက်အလက်တွေအရ အဲဒီဒေသတွေမှာ မနေ့ မေ ၁ ရက်၊ မနက်ပိုင်းက မိုးရေချိန် ၆ ဒသမ ၈၉ လက်မနဲ့ ၂၄ နာရီအတွင်း ၇ ဒသမ ၄၄ လက်မခန့် ရွာသွန်းခဲ့သလို နောက် ၂၄ နာရီအတွင်းမှာလည်း ၁ ဒသမ ၀၆ လက်မခန့် အများဆုံး ရွာသွန်းနိုင်သေးတယ်လို့ ဆိုပါတယ်။အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မြေပြိုခြင်း စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနိုင်ဖို မိုး/ဇလဌာနက အကြံပြုထားပါတယ်။



