ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်အတွင်း၌ ခွင့်ပြုချက်ဖြင့် တရုတ်ကုမ္ပဏီက ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ရေ ချောင်းမှ ရေများညစ်ညမ်းကြောင်း ဒေသခံများက ပြောသည်။ဧပြီလကုန်ပိုင်းတွင် ရွာသွန်းသည့် မိုးကြောင့် မိုင်းယောင်းမြို့ရှိ အများပြည်သူ သုံးစွဲနေသည့် သဘာဝရေချောင်းများအတွင်း ရွှေလုပ်ကွက်များမှ နုန်းများကျရောက်သဖြင့် ယခုလိုရေများ ညစ်ညမ်းသွားခြင်းဖြစ်ပြီး ဒေသခံများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း၊ မိုင်းယောင်းမြို့နယ်၌ နမ့်လွေချောင်း၊ နမ့်ခပ်ချောင်း၊ နမ့်ပုန်းချောင်း၊ နမ့်ဖွန်ချောင်းနှင့် နမ့်ယောင်းချောင်းတို့ရှိရာ မိုင်းယောင်းမြို့ဒေသခံများအဓိက အသုံးပြုသည့် နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်းရေမှာ ရေထွက်နေရာများတွင် ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ရေများ ညစ်ညမ်း ပျက်စီးကုန်ကြောင်း မိုင်းယောင်းဒေသခံတစ်ဦးက ရှင်းပြသည်။



