မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တဲ့ မြန်မာ့လက်ရွေးစင်ကစားသမား ဟိန်းထက်အောင်ကို ထိုင်းကလပ်အသင်းအများအပြား စိတ်ဝင်စားနေတယ်လို့ ကစားသမားအေးဂျင့် က တဆင့်သိရပါတယ်။ ဟိန်းထက်အောင်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ထိုင်းလိဂ်(၁) နဲ့ (၂) က ကလပ်အသင်းတွေပါဝင်ပြီး အဆင်အပြေဆုံးအသင်းနဲ့ စာချုပ်နိုင်ဖို့အတွက် ကစားသမားနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကစားသမား
ဟိန်းထက်အောင်ဟာ ၂၀၂၁ဘောလုံးရာသီမှာ ဟံသာဝတီယူနိုက်တက်အသင်းကနေ မလေးရှားကလပ် ဆီလန်ဂေါလူငယ်အသင်းနဲ့ စာချုပ်ခဲ့ပြီး ဆီလန်ဂေါအသင်းကြီးမှာ ကစားခွင့်ရခဲ့ပါတယ်။ ဆီလန်ဂေါအသင်းနဲ့အတူ နှစ်ရာသီကစားပြီးနောက် Negeri Sembilan FC အသင်းကို အငှားနဲ့ နှစ်ရာသီ သွားရောက်ကစားခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းလိဂ်ကို ဟိန်းထက်အောင် ပြောင်းရွှေ့ဖို့အတွက် အခြေအနေများနေပြီး အသင်းရွေးချယ်မှုပြုလုပ်နေပါတယ်။ 


