ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နေအိမ်မှ ဧပြီ ၂၆ ရက်ညက ထွက်သွားပြီး ၂ ရက်ကျော်ကြာ ပျောက်ဆုံးနေသော ကိုစိုင်းဆွမ်ဆီဆိုသူ အမျိုးသားတစ်ဦးကို ဧပြီ ၂၉ ရက် ညနေ ၃ နာရီခွဲဝန်းကျင်တွင် မြို့ရှောင်လမ်း၌ သတ်ခံထားရသည့် အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ ကိုစိုင်းဆွမ်ဆီသည် သဘောကောင်းသူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ သေဆုံးမှုကြောင့် မယုံနိုင်ဖြစ်နေကြောင်း၊ ကျိုင်းတုံမြို့တွင် ခိုးမှုလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် လုံခြုံမှုမရှိသကဲ့သို့ ခံစားနေရကြောင်း သိရသည်။ ကိုစိုင်းဆွမ်ဆီအား မည်သူက မည်သည့်အကြောင်းကြောင့် သတ်သည်ကို မသိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို တိုင်းနေနာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။



