ငလျင်ကြောင့် အဆောက်အအုံ၏ နံရံနှင့် တိုင်များ အနည်းငယ် အက်ကွဲပြိုကျမှုများ ရှိပါက အဆောက်အအုံတစ်ခုလုံးကို ဖြိုချရန် မလိုအပ်ဘဲ၊ ကျွမ်းကျင်သော ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဆောင်ရွက်သင့်ကြောင်း ငလျင်ဘေးဒဏ် လျော့ပါးရေးဆိုင်ရာ ဆွေးနွေးပွဲမှ ပညာရှင်များက အကြံပြုခဲ့သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာက အန္တရာယ်ရှိနိုင်သည့် အခြေအနေဟုတ်မဟုတ်ကို သေချာစွာ စစ်ဆေးပြီးမှ ဆုံးဖြတ်သင့်ကြောင်း ပြောကြားခဲ့သည်။ ဆောက်လုပ်ရေး အင်ဂျင်နီယာကလည်း Structure သဘောတရားကို နားမလည်ဘဲ ပျက်စီးနေသော အုတ်နံရံများကို မဖယ်ရှားသင့်ကြောင်း၊ အုတ်များသည် ပျက်စီးနေသော တိုင်များကို အတိုင်းအတာတစ်ခုအထိ ကူညီထောက်မပေးနိုင်သောကြောင့် ကျွမ်းကျင်သူ၏ အကူအညီကို ရယူသင့်ကြောင်း ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ စစ်ဆေးမှုအရ လူနေထိုင်ရန် သင့်လျော်သော အဆောက်အအုံများကို အစိမ်းရောင်အဆင့် သတ်မှတ်ခဲ့ပြီး မန္တလေးနှင့် စစ်ကိုင်းတို့တွင် အများဆုံး တွေ့ရှိခဲ့ရသည်။



