တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ဧပြီ ၂၉ ရက်က မိုးသက်လေပြင်းအန္တရာယ်သတိပေးချက်အဖြစ် သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ သတိပေးချက်အရ ယမန်နေ့ ဧပြီ ၂၉ ရက်ယခုအချိန်မှစ၍ မေ ၄ ရက်အတွင်း အရှေ့ဘက်မှလာသော လေပွေလှိုင်းများနှင့် အနောက်နှင့်မြောက်ဘက်မှလာသော လေပွေလှိုင်းများကြောင့် ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။



