ထိုင်းနိုင်ငံရဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ အသုံးပြုနိုင်ဖို့ နိုင်ငံခြားသားနာမည်နဲ့ အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ် ၇၀၀,၀၀၀ ကို စစ်ဆေးသွားဖို့ရှိနေပြီး စစ်ဆေးနေချိန်အတွင်းမှာလည်း အတည်မပြုနိုင်သေးတဲ့ ဖုန်းနံပါတ်ပိုင်ရှင်တွေရဲ့ ဘဏ်ဝန်ဆောင်မှု ရယူခြင်းကို ဖြတ်တောက်သွားဖို့ ရှိနေတယ်လို့ ထိုင်းဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း DES ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ စစ်ဆေးနေဆဲဖြစ်တဲ့ ဖုန်းနံပါတ် ၇၀၀,၀၀၀ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး သုံးစွဲခွင့်ရရှိဖို့ မှတ်ပုံတင်ထားတာဖြစ်တယ်လို့ DES ဝန်ကြီး Prasert Jantararauangtong က ဆိုပါတယ်။ အဲဒီဖုန်းနံပါတ်တွေအပြင် မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဖုန်းနံပါတ် ၁ ဒဿမ ၈ သိန်းဝန်းကျင်ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။



