စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို ပိတ်ဆိုထားတာကြောင့် ငလျင်ဘေးကူညီကယ်ဆယ်ပေးမှုတွေဟာ ၁လကြာတဲ့အထိ လုံးဝမရောက်ရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။အခုလို ငလျင်ဘေးအကူအညီပေးမှုတွေ မရောက်ရှိသေးတာကြောင့် ရှားယောင်း၊ ကင်း၊ ချောင်းမကြီး၊ အုန်းသဇင်၊ မြေတိုင်း စတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း ၇ ရွာထက်မနည်းကဒေသခံတွေဟာ စားဝတ်နေရေးခက်ခဲမှုတွေနဲ့ ဆိုးဆိုးရွားရွားရင်ဆိုင်နေရတယ်လို့ အသက် ၄၉ နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။အဲ့ဒီအပြင် ကျွန်းတွေပေါ်မှာငလျင်ကြောင့် မြေပြင်အက်ကွဲမှုတွေအများအပြားရှိခဲ့တဲ့အတွက် ဧက ရာနဲ့ချီတဲ့ ပဲစင်းငုံစိုက်ခင်းတွေအပါအဝင်စိုက်ပျိုးရေးလုပ်ငန်းတွေအားလုံးနီးပါးလည်းပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။



