ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းထဲက တိုင်းရင်းဆေးထုတ်လုပ်ရေး စက်ရုံမှာ အမျိုးသမီးအလုပ်သမားအားလုံးကို တစ်ဦးချင်း ထဘီလှန်ပြီး ရာသီလာ မလာ စစ်ဆေးခံခဲ့ရတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေ ထိထိရောက်ရောက်အရေးယူပေးစေလိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဆိုပါစက်ရုံမှာ အမျိုးသမီးအလုပ်သမား ၄၀ ကျော်ရှိတာဖြစ်ပြီး အလုပ်သမားအားလုံးကို တစ်ဦးချင်းစီ လုံခြည်လှန်ပြီး အတွင်းခံမှာရာသီလာမလာကို လိုက်လံစစ်ဆေးခဲ့တာဖြစ်သလို စစ်ဆေးသူဟာ အမျိုးသမီးဖြစ်ပေမဲ့လည်း CCTV တပ်ဆင်ထားတဲ့နေရာမှာစစ်ဆေးခံခဲ့ရတာဖြစ်တာကြောင့် အဲဒီလိုစစ်ဆေးတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးယူပေးစေလိုတယ်လို့ ဆိုပါတယ်။ အဆိုပါစက်ရုံရဲ့ အိမ်သာတွေထဲမှာ အမှိုက်ပုံးမထားပေးဘဲ အမျိုးသမီးများ ရာသီလာပါက အသုံးပြုပြီးတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ပလပ်စတစ်အိတ်နဲ့ထုပ်ပြီး မိမိတို့အိမ်ကိုပြန်သယ်ရန်သတ်မှတ်ထားပြီး အမှိုက်ပစ်မိရာက အမျိုးသမီးအလုပ်သမားအားလုံးကို ထဘီလှန်ပြီးစစ်ဆေးခဲ့ရာ ရာသီလာနေတဲ့အလုပ်သမား ၃ ဦးတွေ့ရှိခဲ့လို့ စကားလုံးကြမ်းကြမ်းတမ်းတမ်း ပြောဆိုကာ အတင်းအကျပ်ဝန်ခံခိုင်းခဲ့တယ်လို့ သိရပါတယ်။ အခုလို အမျိုးသမီးလုပ်သားတွေအပေါ် ချိုးဖောက်ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် FGWM က ရှုတ်ချပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။



