ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မတ် ၂၄ ရက်က ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) ကို ဖွင့်လှစ်ခဲ့သည်။ ၎င်းသင်တန်းတွင် PPTT သင်တန်းအောင်မြင်ပြီးသော ဆရာ ဆရာမ ၁၃၀၁ ဦး တက်ရောက်ခဲ့သည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် မိမိကိုယ်စွမ်း၊ ဉာဏ်စွမ်းများကို အစွမ်းကုန်ထုတ်ကာ တန်ဖိုးရှိသော ဆရာ့အတတ်ပညာရပ်များနှင့် ပြည့်စုံသည့် Expert Teacher မှ Leader Teacher များဖြစ်သည်အထိ ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းအတွက် ငွေကျပ် ၁၃,၀၁၀,၀၀၀ ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ သင်တန်းကို မတ် ၂၄ ရက်မှ ဇူလိုင် ၃၁ ရက်အထိ လေးလကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။



