မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး(၂ /၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။ အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီနည်းဥပဒေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ရက် တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး (၁/၂၀၂၅)တွင် ဆုံးဖြတ်ချက်ရှစ်ခုအား ချမှတ်နိုင်ခဲ့ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအနေဖြင့် မူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခြင်းများအတွက် ဆုံးဖြတ်ခြင်းများအပေါ် အယူခံမှုများကို လက်ခံဆောင်ရွက်ရမည်ဖြစ်သဖြင့် အဖွဲ့ဝင်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေးများကို နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပုံမှန်ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ အေဂျင်စီ၏ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် အကြံပြုချက်များ တင်ပြဆွေးနွေးပေးရန် လိုအပ်ပါကြောင်း တင်ပြခဲ့ပါသည်။



