တနင်္သာရီတိုင်းဒေသကြီးတွင် ဂျင်းခရုနှင့် ခရုကမာတို့ကို တိုးမြှင့်မွေးမြူထုတ်လုပ်လျက်ရှိပြီး၊ ပြည်တွင်းစားသုံးမှုဖူလုံစေသည့်အပြင် ပြည်ပပို့ကုန်ကဏ္ဍမှ နိုင်ငံခြားငွေတိုးမြှင့်ရရှိစေမည်ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ပင်လယ်ပြင်တွင် ရေထွက်ကုန်ဖမ်းဆီးရရှိမှုနည်းလာချိန်တွင် မွေးမြူရေးစနစ်သို့ ပြောင်းလဲလုပ်ကိုင်ရမည်ဖြစ်ပြီး၊ မွေးမြူရေးကဏ္ဍ၌ ခရုကမာ၊ ဂျင်းခရုနှင့် ငါး၊ ပုစွန်သားပေါက်ရရှိမှုသည် အရေးကြီးကြောင်း၊ မြိတ်တက္ကသိုလ်မှ ခရုကမာသားဖောက်လုပ်ငန်း အောင်မြင်ခဲ့သဖြင့် ဆက်လက်အောင်မြင်ရန် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဂျင်းခရုမွေးမြူသူ ၃၀၀ ကျော်၏ ကုန်တန်ချိန် ၇၈၅ ဒသမ ၆၀၀ နှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ကုန်တန်ချိန် ၄၅ ဒသမ ၈၅၀ ထုတ်လုပ်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၂၅ သန်းနှင့် ၀ ဒသမ ၀၇၇ သန်းရရှိခဲ့ကြောင်း သိရသည်။



