ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်အချို့မှာ အခုမတ်လ၊ တတိယပါတ်မှစတင်ပြီး လိုင်စင်မဲ့ကားတွေကို မြို့နယ်အလိုက် အဖွဲ့၁၀ဖွဲ့ ဖွဲ့စည်းကာ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။လက်နက်ကိုင်အဖွဲ့၊ ဒုစရိုက်သမားတွေ အပါအဝင် ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ငန်း လုပ်ကိုင်သူတွေဟာ လိုင်စင်မဲ့ ကားတွေကို အသုံးပြုပြီး ခရီးသွားလာတာ၊ ကူးသန်းရောင်းဝယ်တာ အပါအဝင် လက်နက်ခဲယမ်း သယ်ဆောင်ရာမှာ အသုံးပြုနေကြသောကြောင့် နေအိမ်အထိဝင်ဖမ်းဖို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှို့ဝှက်ညွှန်ကြားစာတစ်စောင် မတ်လ ၂၀ရက်က ထွက်ပေါ်လာပါတယ်။လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ဖမ်းဆီးရမိရေးအတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်ပြီး ဖမ်းဆီးရေးအဖွဲ့ (၁၀) ဖွဲ့ ဖွဲ့စည်းကာ ရပ်ကွက်/ ကျေးရွာတွေရှိ လိုင်စင်မဲ့ ယာဉ်သယ်ဆောင်သူ၊ ရောင်းဝယ်သူတွေရဲ့ နေအိမ်၊ ယာဉ်ပြုပြင်ရုံတွေ၊ ရေဆေး ဆီလိုက်ဆိုင်တွေကို ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခွင့်ရှိကြောင်း ထွက်ပေါ်လာတဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။



