မြန်မာ့ထောပတ်သီးတွေကို တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှအာဏာပိုင်အဖွဲ့ (GACC) ရဲ့သတ်မှတ် ချက်တွေနဲ့အညီ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် ထောပတ်သီးရာသီမှာ တရားဝင် စတင်တင်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်ခရိုင်)က သိရပါတယ်။ တရုတ်ကို မြန်မာ့ထောပတ်သီးတင်ပို့နိုင်ဖို့အတွက် ထောပတ်ခြံတွေနဲ့ ထောပတ်သီးထုပ်ပိုးစက်ရုံတွေမှာ ပိုးမွှား ကင်းရှင်းအောင် ဆောင်ရွက်နေတဲ့အခြေအနေကို အခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဗီဒီယိုနဲ့ စစ်ဆေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးမှာ အများဆုံးစိုက်ပျိုးနေပြီး ထောပတ်သီး ပေါ်တဲ့ရာသီချိန်က နှစ်စဉ် နိုဝင်ဘာကနေ ဇန်နဝါရီလအတွင်း ဖြစ်ပါတယ်။ လက်ရှိမှာ စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေးဌာနက ထောပတ်ခြံတွေမှာ ပိုးကျတာရှိမရှိ အသေးစိတ် စစ်ဆေးပေးနေပြီး ကာကွယ်ရေး နည်းလမ်းတွေကိုလည်း ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။



