သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ရင်သွေးငယ် ၅၅၀၀ ဦးတို့အား ရခဲလှသော ပဗ္ဗဇ္ဇအမွေရှင်သာမဏေအဖြစ် သွတ်သွင်းခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအပါအဝင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအလှူမင်္ဂလာတော်ကို လာမည့်ဧပြီလ၌ ပြုလုပ်မည်ဖြစ်သည်။ အစီအစဉ်များအရ မောင်ရင်လောင်းများနှင့် မိဘများသည် ဧပြီ၁ရက်တွင် မှော်ဘီရှိ သဲဖြူတောရ ဓမ္မရိပ်သာသို့ လာရောက် စာရင်းပေးရမည်။ မောင်ရင်လောင်းဝတ်စုံနှင့် မိဘနှစ်ပါးအတွက် အင်္ကျီပုဆိုးထမီ တခါတည်းထုတ်ပေးပါမည်။ရှင်သာမဏေများကို ဧပြီ၇ရက်မှ ဧပြီ၉ရက်အထိ သဲဖြူတောရ ဓမ္မရိပ်သာတွင် ယဉ်ကျေးလိမ္မာဗုဒ္ဓစာပေများကို ဆက်လက် သင်ကြားပေးပါမည်။ဧပြီ၉ရက် နေ့လယ်ပိုင်းတွင် သဲဖြူဆရာတော်ကြီးက ရှင်ထွက်သည့် ကိုရင် ၁ ပါးလျှင် ကျပ် ၁ သိန်းဖြင့် ဆုချတော်မူမည်။



