ယင်မဲသားလောင်း (Black Soldier Fly) ကို တစ်ပိုင်တစ်နိုင်မွေးမြူသူများသည် အစာရရှိမှုနှင့် နေရာအခက်အခဲများကြောင့် ရပ်နားလာကြောင်း သိရသည်။ ယင်မဲသားလောင်းများသည် ပရိုတိန်းဓာတ်မြင့်မားသောကြောင့် တိရစ္ဆာန်အစာအဖြစ်အသုံးပြုသော်လည်း ၎င်းတို့၏ အစာဖြစ်သည့် စားကြွင်းစားကျန်များ၊ ကြက်ချေး၊ ဝက်ချေး စသည့် ပစ္စည်းများကို ရရှိနိုင်မှု ခက်ခဲလာခြင်းကြောင့် မွေးမြူသူများအတွက် အခက်အခဲဖြစ်လာသည်။ ယင်မဲများသည် အနံ့အသက်ပြင်းထန်ပြီး လူနေအနီးတွင် မွေးမြူရန် မသင့်တော်သည့်အတွက် သင့်တော်သောနေရာရှာဖွေရန်လည်း အားထုတ်ရသည်။ ထို့ပြင် ယင်မဲသည် ကိုယ်ထက်ငါးဆအစာစားနိုင်သဖြင့် အစာလိုအပ်မှုမြင့်မားပြီး လုံလောက်သော ရင်းမြစ်မရှိပါက မွေးမြူရန်ခက်ခဲသွားသည်။ ယင်းကြောင့် ယင်မဲမွေးမြူရေးကို ရပ်နားသူများ ပိုမိုများပြားလာကြောင်း သိရသည်။



