မကြာသေးမီ ရက်ပိုင်းအတွင်းမှာပဲ Students’ Target ဆိုတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို ဦးစီးတဲ့ ကျောင်းဆရာတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အသီးသီးခံခဲ့ရပြီး ကျောင်းသက်တမ်း ၁၅ နှစ်အတွင်း ပညာသင်နှစ်အသီးသီးမှာ ဆရာတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရသူ ကျောင်းသားအမြောက်အများရှိနေကြောင်း လူတွေသိရှိလာကြပါသည်။လိင်အကြမ်းဖက်မှုတွေ ပြုလုပ်တဲ့အခါမှာ ဆရာ ညီအကို ၄ ယောက်ထဲက ၂ ယောက်ကတော့ ကျောင်းသားတွေကို ပစ်မှတ်ထားပါတယ်။ ကျောင်းသားတချို့ကို အနားမှာခေါ်ထားပြီး ညတိုင်း နင်းနှိပ်ခိုင်းတာ၊ ရေချိုးခိုင်းတာ၊ ထိတာကိုင်တာတွေအပြင် သူတို့အလိုကို မလိုက်ရင် ရိုက်နှက်တာတွေ အထိပါ ကျူးလွန်ခဲ့ကြပါတယ်။ တချို့ကျောင်းသားတွေကို မုဒိမ်းမှုအထိ ကျူးလွန်ခဲ့တာမျိုးရှိပြီး လိင်အင်္ဂါနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကိုပါ ပြုလုပ်ခဲ့ကြကြောင်း ဒီလုပ်ရပ်တွေကို ကိုယ်တိုင်ကြုံခဲ့၊ မြင်ခဲ့၊ ကြားခဲ့တဲ့ ကျောင်းသားတွေက ဖွင့်ဟလာကြပါသည်။ဆရာ ၄ ယောက်ရဲ့ လိင်ပိုင်းအကြမ်းဖက်စော်ကားမှုတွေ ပြုခဲ့တဲ့အထဲ ကျောင်းသူမိန်းကလေးတွေလည်း မလွတ်ခဲ့ကြပါဘူး။ ကျူးလွန်ခံရပုံကို ကျောင်းသူဟောင်းတယောက်ကလည်းမျှဝေထားပါသည်။လိင်နဲ့ပတ်သတ်တဲ့ ဟာသတွေ၊ စော်ကားမှုတွေဟာ နေ့စဥ် အတန်းထဲမှာ သာမန်လို ပြောဆိုနေကျ အကြောင်းအရာတွေ ဖြစ်နေပါတယ်။ ကျောင်းသားအများစုက ဒီလိုအပြောအဆိုတွေကို သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ကြားရလေ့မရှိတဲ့အတွက် အစပိုင်းမှာ စိတ်မသက်မသာဖြစ်မိကြပြီး နောက်ပိုင်းမှာတော့ မထူးဆန်းတဲ့ အကြောင်းအရာတွေလို ဖြစ်လာပါတယ်။ ဒါ့အပြင် ကျူးလွန်လိုတဲ့ ကျောင်းသားကို တခြားကျောင်းသားတွေက ဖယ်ကျဥ်ထားအောင် တမင်တကာ ဆူပူဖိနှိပ်ပြီး ဘယ်သူ့နဲ့မှ ပေါင်းသင်းလို့ မရတော့တဲ့အခါမှ အကြမ်းဖက်မှုကို တိတ်တဆိတ် ကျူးလွန်ပါတော့တယ်။ ဖယ်ကျဥ်ခံရတဲ့ ကျောင်းသားက ကျူးလွန်ခံရသည့်တိုင်အောင် ဘယ်သူ့ကိုမှလည်း ရင်ဖွင့်ပြောကြားခွင့်မရဘဲ သေရာပါ စိတ်ဒဏ်ရာမျိုး ခံစားသွားရပါတော့တယ်။ ဒီလိုဖြစ်ရပ်တွေကိုလည်း တယောက် နှစ်ယောက် မက ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါသည်။



