ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ အင်္ဂလိပ်မွေးရက်ဖြစ်သည့် လာမည့် မတ်၂၂ရက်တွင် လူဦးရေသုံးသောင်းစာ စတုဒိသာကျွေးမွေးမည့်အစီအစဉ်အတွက် ပြင်ဦးလွင်မြို့သို့ ယနေ့ မတ်၁၄ရက် ညနေပိုင်း ရောက်ရှိပြီဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့ ၊ အနီးစခန်း ၊ အောင်ချမ်းသာ ရပ်ကွက်ရှိ ဆရာတော်ကြီး သီတင်းသုံးရာ ဓမ္မသဟာယသာသနစင်တာကျောင်း၏ အလှူကွင်းပြင်ရှိ အလှူမဏ္ဍဒ်ကြီးတွင် မတ်၂၂ရက်၊ နံနက် ၉နာရီမှ ညနေ ၅နာရီအထိ အယုတ် အလတ် အမြတ်မရွေး သတ္တဝါအပေါင်းတို့အား ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက်တို့ကို ကျွေးမွေးမည်ဖြစ်သည်။



