ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၊ အွန်လိုင်းအရောင်းအဝယ်လုပ်ကိုင်သူများနှင့် ထိုင်းနိုင်ငံသားပိုင် မြန်မာထုတ်ကုန်ရောင်းချသည့်ဆိုင်များမှ မြန်မာနိုင်ငံသားများပါ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောကြားသည်။ မြန်မာနိုင်ငံမှ တရားဝင်ထုတ်လုပ်သည့်ပစ္စည်းများဖြစ်သော်လည်း ထိုင်းနိုင်ငံ FDA မရရှိသေးသည့်အတွက် ဖမ်းဆီးခံနေရကြောင်း၊ ထိုင်းနိုင်ငံသားနှင့် လက်ထပ်ထားသည့် မြန်မာအမျိုးသမီးပိုင်ဆိုင်သော လက်ကားဆိုင်များတွင် မြန်မာထုတ်ကုန်အွန်လိုင်းရောင်းချမှုကြောင့်လည်း ဖမ်းဆီးခံရကြောင်း သိရသည်။ ထိုင်းရဲချုပ်၏ ဥပဒေနှင့်မညီညွတ်သော နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးအရေးယူရန် အမိန့်ထုတ်ပြီးနောက် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုများ ပိုမိုမြင့်တက်လာကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် ရောင်းချခြင်းနှင့် မြန်မာထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်းများကိုလည်း စစ်ဆေးဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း ထိုင်းရောက် မြန်မာများက ပြောသည်။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အမျိုးအစား ၂၇ မျိုးကို ကန့်သတ်ထားပြီး၊ ကန့်သတ်ထားသော လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀,၀၀၀ အထိ ချမှတ်နိုင်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်နိုင်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။



