မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနသည် အမျိုးသမီးအခွင့်အရေးနေ့ကို စီစဉ်ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံး၏ ပံ့ပိုးမှုဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနက စီစဉ်တင်ဆက်မည့် ယခုအစီအစဉ်တွင် အမျိုးသမီးများ၏ လူမှုစီးပွား-ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ အခွင့်အရေးများ မြှင့်တင်ရန်၊ အတွေးအမြင်၊ အသိပညာဖလှယ်ရန်နှင့် ဝိုင်းဝန်းစဉ်းစားအဖြေရှာရန် ရည်ရွယ်ကာ အမျိုးသမီးအကပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲ၊ ဇာတ်လမ်းပြသမှုနှင့် တိုက်ရိုက်ဂီတဖျော်ဖြေပွဲများ ပါဝင်မည်ဖြစ်သည်။ မတ်လ ၈ ရက်၊ မွန်းလွဲ ၃ နာရီတွင် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကျင်းပမည့် ဤအခမ်းအနားကို စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်သည်။



