ကြာသပတေးညက ကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းက တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ ပွဲမှာ ၁၁ ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ လက်စတာအသင်းဟာ ၂၇ ပွဲကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ ဆောက်သမ်တန်အသင်းက ရမှတ် ၉ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံရှစ်ကို တန်းပြန်ဆင်းရဖို့ သေချာသလောက်ရှိနေတာပါ။ လက်စတာနဲ့ အစ်ဆွစ်တို့ကတော့ ရမှတ် ၁၇ မှတ်စီ တူညီနေပြီး ဂိုးကွာခြားချက်သာတဲ့ အစ်ဆွစ်က အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။



