ရှမ်းပြည်နယ်တောင်ပိုင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှု လျော့နည်းလာခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာကြောင်း ဒေသခံများက ဆိုသည်။ ဒေသတွင်း အဖွဲ့များထံ အခွန်ပေးဆောင်ပြီး လွတ်လပ်စွာ ဘိန်းစိုက်ပျိုးနေကြခြင်းဖြစ်သည်။ ဆီဆိုင်မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လျော့ကျခြင်းမရှိဘဲ စိုက်ခင်းဧကများ ပိုမိုများပြားလာကြောင်း သိရသည်။ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ မိုင်းကိုင်နှင့် လဲချားမြို့နယ်များတွင် ဘိန်းစိုက်ပျိုးမှုများ ပိုမိုများပြားလာပြီး ဘိန်းတစ်ပိဿာလျှင် ကျပ် ၁၀ သိန်းအထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။ ပင်လောင်းမြို့နယ်တွင်လည်း အချို့ဒေသများတွင် ဘိန်းစိုက်ပျိုးမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။ ဘိန်းစိုက်ပျိုးမှုသည် ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်လာပြီး အခွန်ဆောင်ရုံဖြင့် ပြဿနာမရှိသောကြောင့် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံများက ပြောသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်သည်။



