ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်၊ ဝမ်တိန်၊ ကျင်စန်းကျော့မှ မန္တလေးသို့ စားသောက်ကုန်ကားတစ်စီး ပို့ဆောင်ခသည် လမ်းစရိတ် သိန်း ၃၀၀ ဝန်းကျင် ကုန်ကျကြောင်း နယ်စပ်ဒေသခံများက ပြောသည်။ လမ်းကြေးများ၊ ကုန်ပစ္စည်းအာမခံကြေးများအပြင် ဂိတ်ပေါင်းများစွာကို ဂိတ်ကြေးပေးရခြင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ကုန်ကျစရိတ် မြင့်မားခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားများက ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်မှ စားသောက်ကုန် တနိုင်တပိုင် သယ်ယူနိုင်ပြီး မြန်မာဘက်မှ ကြံကို အဓိက တင်ပို့နေသည်။ ဓာတ်မြေသြဇာများ ဝင်ရောက်မှုနည်းပါးပြီး ဈေးနှုန်းမြင့်တက်လျက်ရှိသည်။



