ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။
ခရမ်းချဉ်သီးနှင့် အခြားသော ရာသီပေါ် ကုန်စိမ်းသီးနှံများလည်း ဈေးလျှော့ကာ ရောင်းချနေသော်လည်း ကုန်ခြောက်ကဲ့သို့ စားသောက်ကုန်များမှာ ဈေးနှုန်း အဆမတန် မြင့်တက်ပြီး ဝယ်ယူစားသောက်နေရကြောင်းသိရပါသည်။
လက်ရှိ ဆောင်းအကုန် နွေအကူးကာလ အင်းလေးဒေသတွင် ရေပြန်ကျနေသော်လည်း ရေများ ပုပ်ပွလာပြီးနောက်တွင် သောက်သုံးရေအတွက် သန့်ရှင်းသော ရေများ မရရှိခြင်းကြောင့် ကလေးသူငယ်များ အရေပြားယားယံခြင်း ဖြစ်ပွားနေသည်ဟု အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦးထံမှသိရပါသည်။အင်းလေးဒေသတွင် အရေပြားရောဂါ ဖြစ်ပွားနေသည်မှာ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် အများဆုံးဖြစ်ပြီး တကိုယ်ရည် သန့်ရှင်းမှု နည်းပါးသည့်အပြင် မသန့်ရှင်းသော ရေကို အသုံးပြုနေရခြင်းကြောင့် ကူးစက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။



