ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်တောက်သွားသောကြောင့် အပြင်ဆေးဆိုင်တွေကို အားကိုးနေရပြီး ဆေးကုစရိတ်အကုန်အကျ များနေတယ်လို့ သိရပါသည်။ပုံမှန်အားဖြင့် ပြည်သူ့ဆေးရုံမှာ အလှူငွေထည့်ဝင်ပြီး အခမဲ့ ဆေးကုနိုင်ပေမယ့် အခုနောက်ပိုင်းမှာတော့ ပြည်သူ့ဆေးရုံကြီးကနေ ဆေးဝါး မပေးတော့တာကြောင့် ဆေးကုစရိတ် ပိုမိုကုန်ကျနေတာလို့လည်း သိရပါသည်။
ဒေသခံတွေပြောပြချက်အရ လက်ရှိပြည်သူ့ဆေးရုံကြီးကနေ ဆေးဝါးတွေ မပေးတော့တာကြောင့် လူနာရှင်တွေဟာ ဝါဂွမ်း၊ အရက်ပြန်၊ ဓာတ်ဆားထုပ်၊ ခေါင်းလေးလုံး(ဒီဂိုဂျင်)၊ အစာအိမ်လေဆေးတွေကအစ အပြင်ဆေးဆိုင်တွေ ဝယ်ယူနေရတာကြောင့် ဆေးကုစရိတ် နှစ်ဆလောက် ပိုကုန်တယ်လို့ သိရပါသည်။ပူတာအိုမြို့ အထက်ပိုင်းက နောင်မွန်း၊ ခေါင်လန်ဖူးစတဲ့ဒေသဘက်တွေမှာလည်း ပြည်သူ့ဆေးရုံကြီးတွေမှာ ဆေးဝါးပြတ်လပ်နေတာကြောင့်ပြည်သူတွေဆေးကုန်ပြီး အခက်အခဲ ကြုံနေရတယ်လို့ သိရပါသည်။



