ဝင်ဘယ်ဒန်ချန်ပီယံ ချက်တင်းနစ်မယ် ကရက်စီကိုဗာဟာ နောက်ကျောဒဏ်ရာကြောင့် လာမယ်လထဲမှာ ကျင်းပ မယ့် အင်ဒီယန်းဝဲလ်နဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲတွေကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကရက်စီကိုဗာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက အာရှမှာ ကျင်းပတဲ့ WTA တိုး ပွဲစဉ်တွေကို ယှဉ်ပြိုင်နေရင်း နောက်ကျောနာကျင်မှုကို ခံစားခဲ့ရတာဖြစ်ပြီး နိုဝင်ဘာမှာ ကျင်းပတဲ့ WTA ဖိုင်နယ်ပြိုင်ပွဲနောက်ပိုင်း ကရက်စီ ကိုဗာဟာ တင်းနစ်ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာက မသက်သာသေး တာကြောင့် ကရက်စီကိုဗာဟာ မတ်လ ၅ ရက်နေ့မှာ စတင်ကျင်းပမယ့် အင်ဒီယန်းဝဲလ်ပြိုင်ပွဲကို ပါဝင်နိုင်မှာ မဟုတ်သလို မတ်လ ၁၈ ရက်နေ့မှာ ကျင်းပမယ့် မိုင်ယာမီပြိုင်ပွဲကိုပါ လွဲချော်တော့မှာဖြစ်ပါတယ်။



