ဖေဖော်ဝါရီ ၂၅ရက်ကပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာဖခင်ဖြစ်တဲ့သူက ပလုံကောက်ရင်းကနေ ဟိုတယ်တစ်ခုရဲ့ အမှိုက်ပုံးထဲမှ ရရှိလာခဲ့တဲ့ ကြက်ကင်တွေကိုနွေးပြီး သားသမီးတွေကိုကျွေးခဲ့မိရာက စားလိုက်မိတဲ့ သားသမီးသုံးဦးတို့ဟာ အစာအဆိပ်သင့်တဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ Save The Trees Rescue Team မှ သိရပါတယ်။အဆိုပါ မိသားစုဟာ တောင်ငူမြို့ရဲ့ ကျူးကျော်ရပ်ကွက်တစ်ခုဖြစ်တဲ့ အုန်းတောမြိုင်ရပ်ကွက်အတွင်းမှာနေထိုင်ရင်း ပလုံကောက်အသက်မွေးနေကြသူတွေဖြစ်ကြတယ်လို့ သိရပြီး အစာအဆိပ်သင့်မှုဖြစ်တဲ့ ကလေးငယ်တွေက အသက် ၁ နှစ်ခွဲအရွယ်တစ်ဦး၊ ၈ နှစ်အရွယ်တစ်ဦးနဲ့ ၆ နှစ်အရွယ်တစ်ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ကလေးငယ်တွေဟာ ဖေဖော်ဝါရီ ၂၅ ရက် ညသန်းခေါင်အချိန်မှာ ဝမ်းလျှော အော့အန်တဲ့ ဝေဒနာခံစားနေရကြောင်းသတင်းအရ Save The Trees Rescue Team က သွားရောက်ကာ ဓာတ်ဆားရည်နဲ့ လိုအပ်တဲ့ဆေးဝါးတွေ စီစဉ်ပေးပြီး အခြေအနေကို စောင့်ကြည့်ခဲ့ရာမှာတော့ ၂၆ ရက်နေ့ မနက်အထိ မသက်သာတာကြောင့် တောင်ငူဆေးရုံကြီးဆီ တင်ပို့ကုသပေးခဲ့ရပါတယ်။



