အစ္စရေးနဲ့ သဘောတူထားတဲ့အတိုင်း ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ အခြေအနေပေါ်မူတည်ပြီး အပစ်ရပ်ရေး သဘောတူညီချက် နောက်ထပ်အဆင့်တွေ ဆက်ဆွေးနွေးသွားမယ်လို့ ဟားမာ့စ်အဖွဲ့က ပြောကြားလိုက်ပါတယ်။ အသက်ရှင်လွတ်မြောက်လာတဲ့ ဓားစာခံခြောက်ယောက်နဲ့ သေဆုံးသွားတဲ့ ဓားစာခံအလောင်းလေးလောင်းကို ဟားမာ့စ်တို့က ပြန်လည်လွှဲပြောင်းပေးမှုအတွက် ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ကို အစ္စရေးက ပြန်လွှတ်ပေးရမှာပါ။ ဒါပေမဲ့ ပြန်လွှတ်ပေးရေးကို အစ္စရေး က ရွှေ့ဆိုင်းလိုက်ပါတယ်။ သဘောတူညီချက် ပထမအဆင့် ခြောက်ပတ်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ လာမယ့် စနေနေ့မှာသက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် အပစ်ရပ်ရေး ဒုတိယအဆင့်နဲ့ စစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းမှုတွေကတော့ လက်ရှိ အချိန်ထိ မစနိုင်သေးတာကို တွေ့ရပါတယ်။



