ယခုကာလတွင်း ရန်ကုန်မြို့ရှိ ဘုရားပန်းစျေးကွက်အတွင်း ဝယ်လိုအားကျဆင်းနေသော်လည်း စျေးနှုန်း များဆက်လက် မြင့်တက်နေကြောင်း ရန်ကုန်မြို့၊ ဆင်ခြေဖုံးမြို့နယ်များရှိ စျေးများအတွင်းမှ သိရသည်။“အရင်လကထက် ဘုရားပန်းတစ်စီးကို ပျမ်းမျှ ကျပ် ၁၀၀၀ ကနေ ၁၅၀၀ ကြားလောက်အထိ မြင့်လာ တယ်၊ ဘုရားပန်းစျေးမြင့်တော့ ဘုရားပန်းကပ်မယ့်သူတွေကလည်း အရင်လိုသိပ်မဝယ်ဘူး၊ ကြာရှည်အထားခံတဲ့ ပန်းမျိုးတွေနဲ့ သပြေတုံးလိုမျိုး ဟာတွေပဲ ဝယ်ကြတာများတယ်”ဟုလည်း ကိုယ်တိုင်ကြုံရသူတစ်ဦးက ပြော သည်။“ကျွန်မတို့လည်း ဒိုင်ကနေယူရောင်းရတဲ့စျေးကိုက မြင့်နေတာပါ၊ ပန်းတွေလည်းအရင်လို အစုံမရဘူး၊ ဒိုင်စျေးကိုက မြင့်နေတော့ ရောင်းရတာတောင် ရောင်းကုန်ပါ့မလားဆိုတဲ့စိတ်နဲ့ စိုးရိမ်တကြီးရောင်းရတာလေ၊ ရောင်းလို့မကုန်ရင် ရှုံးပြီပဲပေါ့”ဟုလည်း ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း လက်လီစျေးတစ်ခုတွင် ဘုရားပန်းရောင်းနေသူတစ်ဦးက ပြောသည်။“လီလီတို့၊ ကျူးလစ်တို့က စျေးကွက်ထဲမှာ သိပ်မရှိဘူး၊ ကျွန်မတို့ယူရောင်းရတဲ့ ဒိုင်မှာကိုက မရှိတာ၊ အ ရင်ကတော့ တရုတ်ဘက်က ဝင်တော့ရှိတယ်၊ အခုလမ်းကြောင်းမကောင်းတော့ မဝင်တာများတယ်”ဟုလည်း လက်လီပန်းရောင်းနေသူ တစ်ဦးက ပြောသည်။



