သီရိလင်္ကာရေတပ်က အိန္ဒိယငါးဖမ်းလှေငါးစီးကို သီရိလင်္ကာရေပိုင်နက်အတွင်း မှောင်ခိုဝင်ရောက်ငါးဖမ်းမှုဖြင့် ဖမ်းဆီးခဲ့ပြီး အဆိုပါလှေများတွင် အိန္ဒိယငါးဖမ်းသမား ၃၂ ဦးပါရှိကြောင်း ရေတပ်ကသတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့အား သီရိလင်္ကာနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်ရေပြင်တွင် စနေနေ့ညနှင့်တနင်္ဂနွေနေ့ နံနက်ပိုင်းများက ပြုလုပ်ခဲ့သည့် အထူးစစ်ဆင်ရေးအတွင်း တံငါလှေများကိုဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ဖမ်းမိထားသည့် အိန္ဒိယငါးဖမ်းစက်လှေများနှင့် ငါးဖမ်းသမားများကို မန်နာမြို့၏ ငါးလုပ်ငန်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခုနောက်ဆုံးဖမ်းဆီးရမိမှုအပါအဝင် လက်ရှိအချိန်အထိ သီရိလင်္ကာက အိန္ဒိယငါးဖမ်းလှေ ၁၈ စီးနှင့် ငါးဖမ်းသမားစုစုပေါင်း ၁၃၁ ဦးအထိဖမ်းမိထားသည်ဟုလည်း သိရသည်။



