ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အချုပ်ထောင်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၂၀၀ ကို ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၁ နာရီခွဲလောက်က မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမဝင်နေထိုင်မှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရနောင်း လဝက အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတာဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေကနေ ရနောင်းမြို့ ပန်နားလှေဆိပ်ကတဆင့် ကော့သောင်းလှေဆိပ်ကို ပို့ဆောင်ခဲ့တာလို့ သိရပြီးကော့သောင်းမြို့ခံတယောက်က “အရင်အပတ်က ခေါ်သွားတဲ့ ခမောက်ကြီး စစ်ဆေးထိန်းသိမ်းရေးနေရာ ကိုပဲ ခေါ်သွားမယ်ထင်တယ်။ စစ်ဆေးတာ လုပ်မယ်။ အရင်က စစ်ဆေးတာက နေရပ်၊ အိမ်ပြန်ပို့ဖို့ အမည် နေရပ်လိပ်စာပဲ အချက်အလက် စစ်ဆေးတာပါ၊ အခုစစ်တာက မွေးရာပါ ရောဂါ ရှိ၊ မရှိနဲ့ စစ်မှုထမ်းဖို့ အသက်ပြည့်၊ မပြည့် ဒါကိုပဲ အဓိကစစ်တော့တာ”လို့ ပြောပါတယ်။ဇန်နဝါရီလ ၂၂ ရက်ကလည်း ရနောင်းမြို့မှာ အပြစ်ဒဏ်ကျပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၁၄၉ ယောက်ကို ကော့သောင်းဘက် နေရပ်ပြန်ပို့ဆောင်ခဲ့သေးတယ်ဟု ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။



