မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်စျေးမြင့်တက်ခြင်းကြောင့် မိသားစုများတွင် အိမ်ရှိလူအကုန် အပြင်ထွက်လုပ်ကိုင်ရပြီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးများမှ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင်လည်း အလုပ်လုပ်နေကြသည်။ ယခင်ကာလတွင် မိသားစုများအတွက် အလုပ်ကောင်းကောင်းတစ်ယောက် သို့မဟုတ် နှစ်ယောက်ရှိပါက စားဝတ်နေရေးအဆင်ပြေခဲ့သော်လည်း ယခုအခါ ဈေးများတက်၊ ငွေတန်ဖိုးကျဆင်းပြီး ရပ်တည်ရန်အခက်အခဲများဖြစ်ပေါ်လာသည်။ “အိမ်မှာ သားနဲ့ သမီး နှစ်ယောက်ရှိတယ်၊ တစ်ယောက်ကို စားသောက်ဆိုင်မှာ ဝင်လုပ်ခိုင်းထားရတယ်၊ တစ်ယောက်ကို လျှပ်စစ်ပစ္စည်းဆိုင်မှာ လုပ်ခိုင်းထားရတယ်” ဟု မိသားစုတစ်ခုကပြောဆိုခဲ့သည်။



