လှိုင်သာယာစက်မှုဇုန် (၂) တွင်တည်ရှိသော တရုတ်ပိုင် စက်ရုံတစ်ခုတွင် အလုပ်သမားများကို တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များမပိတ်ဘဲ အချိန်ပိုဆင်းခိုင်းခြင်း၊ မတရားစံချိန်တောင်းခြင်း၊ ဖိအားပေးမှုများနှင့် ကြမ်းတမ်းသော ဆက်ဆံမှုများခံနေရကြောင်း သိရသည်။ အသက်မပြည့်သေးသူများကိုပါ နေ့စားအလုပ်သမားအဖြစ် ခန့်ထားသည့်အပြင်၊ အမြဲတမ်းဝန်ထမ်း မခန့်ဘဲ ခဏစားအဖြစ်သာ ထားရှိသည်။ အလုပ်သမားများသည် WCC မှ မဖြေရှင်းပေးဘဲ အလုပ်ရှင်ဘက်ကလိုက်ပါနေကြောင်း ပြောဆိုထားသည်။ ထို့ကြောင့် အလုပ်ချိန် သတ်မှတ်ချက်များလိုက်နာရေး၊ အထည်စံချိန် တောင်းမှု သင့်တင့်မှုရှိရေး၊ အလုပ်သမား အခွင့်အရေးများမချိုးဖောက်ရေး စသည့် တောင်းဆိုချက်များဖြင့် မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) သို့ အကူအညီတောင်းခံထားသည်။



