ဖေဖော်ဝါရီလ ၂၁ ရက် မနက်ပိုင်းက YRTCရုံးချုပ် အစည်းအဝေးခန်းမမှာ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ၂၀၂၄ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆု၊ တာဝန်သိယာဉ်မောင်းဆုနဲ့ လူမှုကွန်ရက်ကနေ ပြည်သူတွေရွေးချယ်တဲ့ ဝန်ဆောင်မှုကောင်း ယာဉ်မောင်းဆုရရှိသူတွေကို ကျပ်သိန်း ၇၀၀ ကျော် ဆုချီးမြှင့်ပေးခဲ့တယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။အဲဒီလိုပေးအပ်ချီးမြှင့်ရာမှာ ၂၀၂၄ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိသူတစ်ဦးကို ၆ သိန်းကျပ်နှုန်းနဲ့ ယာဉ်မောင်း၄၈ဦး၊ တာဝန်သိယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ်၃သိန်းနှုန်းနဲ့ ယာဉ်မောင်း၁၄၈ဦး၊ လူမှုကွန်ရက်ကနေ ပြည်သူတွေက ရွေးချယ်ပေးတဲ့ ဝန်ဆောင်မှုကောင်းယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ်၃သိန်းနှုန်းနဲ့ ယာဉ်မောင်း၄ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ယာဉ်မောင်းဆုတွေချီးမြှင့်ရာမှာ YRTC က ထုတ်ပြန်ထားတဲ့ ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်ပါ ပြစ်ဒဏ်ကင်းရှင်းသူ၊ Yangon Traffic Control Center နဲ့ Yangon Bus Operator (YBO) စစ်ဆေးချက်မှတ်တမ်းပါ ပြစ်မှုကင်းရှင်းသူတွေ၊ YRTC ID Card ရှိတဲ့ယာဉ်မောင်းတွေ၊ ကုမ္ပဏီမှာ အနည်းဆုံးလုပ်သက် ၁ နှစ်နဲ့အထက်မောင်းနှင်နေသူတွေ၊ အလုပ်ဆင်းရက်အများဆုံးနဲ့ ခေါက်ရေအများဆုံးမောင်းနှင်ထားသူတွေပြစ်မှုပြစ်ဒဏ်ကင်းသူတွေ စတဲ့ အချက်တွေကိုအခြေခံပြီး ဘုတ်အဖွဲ့နဲ့ စိစစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။



