ရန်ကုန်မြို့ရှိ မရမ်းကုန်း (သမိုင်း)၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏနှင့် လှိုင်မြို့နယ် ကဲ့သို့သော ဆင်ခြေဖုံး ဒေသများရှိ ကျပ်သိန်းထောင်ချီ စျေးခေါ်နေသည့် ကန်ထရိုက် တိုက်ခန်းများမှာ အရောင်းအဝယ် ရုတ်တရက် အေးစက်သွားကြောင်း သိရသည်။အဆိုပါ အရောင်းအဝယ် တုံ့ဆိုင်းသွားရခြင်းမှာ ဆောက်လုပ်ခွင့် ပါမစ်မကျသေးဘဲ ဒဏ်ကြေးဆောင်၍ ဆောက်လုပ်ခြင်း၊ အထပ် ပိုမိုမြင့်မားစွာ ဆောက်လုပ်ကာ အပေါ်ထပ် တိုက်ခန်းများကို ကျပ်သိန်း ၃,၀၀၀ မှ ၄,၀၀၀ အထိ အလွန်အကျွံ စျေးနှုန်းမြှင့်တင် ခေါ်ဆိုခြင်းနှင့် တရားမဝင် ဆောက်လုပ်မှုများကို သက်ဆိုင်ရာက အရေးယူနိုင်သည်ဟူသော စိုးရိမ်ချက်များကြောင့် ဖြစ်သည်။ထိုသို့ ဈေးကွက် ပျက်သွားခြင်းကြောင့် ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူထားသူများ၊ လုပ်ငန်းခွင် ရပ်ဆိုင်းလုနီးပါး ဖြစ်လာသည့် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် တရားမဝင် အဆောက်အအုံ ဆောက်လုပ်မိ၍ အရေးယူခံရမည်ကို စိုးရိမ်နေသည့် မြေရှင်များပါ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ဥပဒေရေးရာ ကျွမ်းကျင်သူများကလည်း ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်သည့် တိုက်ခန်းများကို ဝယ်ယူခြင်းသည် အဆောက်အအုံ ဖျက်သိမ်းခံရပါက ဝယ်ယူသူများ စိုက်ထုတ်ထားသည့် ငွေကြေးများ ဆုံးရှုံးနိုင်သဖြင့် စာချုပ်မချုပ်မီ ဌာနဆိုင်ရာ ခွင့်ပြုချက်များကို သေချာစွာ စစ်ဆေးရန် သတိပေးထားသည်။



