ဂျပန်နိုင်ငံရှိ Virtual Teen Idols များကို အခြေခံထားသည့် Link! Like! LoveLive! Interactive ဂိမ်း App ထုတ်လုပ်သည့် Tokyo အခြေစိုက် ကုမ္ပဏီ ODD No. သည် ဒေဝါလီခံရန် (Bankruptcy Proceedings) လျှောက်ထားလိုက်ပြီဖြစ်သည်။ Tokyo Shoko Research ၏ အစီရင်ခံစာအရ အဆိုပါ ကုမ္ပဏီတွင် ကြွေးမြီ ယန်း ၁၀.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၇.၂ မီလီယံခန့်) ရှိနေပြီး ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ ဒေဝါလီခံခဲ့သည့် ကုမ္ပဏီများအနက် ပမာဏ အကြီးမားဆုံးထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ODD No. ၏ ဂိမ်း App သည် သုံးစွဲသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ဂိမ်းထုတ်လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ် မြင့်မားလွန်းခြင်းကြောင့် အမြတ်အစွန်း မထွက်ရှိဘဲ ဒေဝါလီခံခဲ့ရခြင်းဖြစ်သည်။ဂျပန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု၊ ကုန်ကြမ်းစရိတ် တက်လာမှုနှင့် လူဦးရေ လျော့နည်းလာမှုကြောင့် လုပ်သားရှားပါးမှု စသည့် စိန်ခေါ်မှုများကြောင့် ကုမ္ပဏီငယ်များ ထိခိုက်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း ဂျပန်နိုင်ငံ၌ လုပ်ငန်းများ ဒေဝါလီခံမှု ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း ၅,၃၄၆ ခုအထိ ရှိခဲ့ရာ ၎င်းသည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ၁၂ နှစ်အတွင်း အမြင့်ဆုံး စံချိန်ဖြစ်သည်။အထူးသဖြင့် စမတ်ဖုန်းဂိမ်းနှင့် သတင်းအချက်အလက် နည်းပညာ (Information Services) ကဏ္ဍတွင် 3D Graphics၊ Full Voice Acting စသည့် နည်းပညာများ ပါဝင်လာမှုကြောင့် ကုန်ကျစရိတ် ပိုမိုကြီးမားလာခြင်း၊ တရုတ်နှင့် တောင်ကိုရီးယား ဂိမ်းကုမ္ပဏီများ၏ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းတို့ကြောင့် စမတ်ဖုန်းဂိမ်း ထုတ်လုပ်ရေး ကုမ္ပဏီများစွာ ဒေဝါလီခံရမှု ကြုံတွေ့နေရသည်။
Aug 18 • 4:35 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


