ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ လက်နက်ချခဲ့သည့် နှစ်ပတ်လည်နေ့တွင် ဂျပန်ဝန်ကြီးများနှင့် လွှတ်တော်အမတ်အချို့က ယာဆုကူနိ (Yasukuni) စစ်ဘုရားကျောင်းသို့ ကိုယ်တိုင်သွားရောက်ခြင်း သို့မဟုတ် အလှူငွေနှင့် ပူဇော်ပစ္စည်းများ ပေးပို့ဂါရဝပြုခဲ့ခြင်းအပေါ် တောင်ကိုရီးယားအစိုးရက စနေနေ့တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကျေညာချက်တွင် ဂျပန်၏ အတိတ်ကျူးကျော်စစ်များကို ဂုဏ်တင်ထားပြီး စစ်ရာဇဝတ်ကောင်များ၏ ဝိညာဉ်များကို ကိန်းဝပ်စရာဇရပ်အဖြစ် သတ်မှတ်ထားသည့် ယာဆုကူနိ စစ်ဘုရားကျောင်းသို့ တာဝန်ရှိသည့် ဂျပန်ခေါင်းဆောင်များက သွားရောက်ဂါရဝပြုခြင်းသည် သမိုင်းဆိုင်ရာ အမှန်တရားကို မျက်ကွယ်ပြုရာရောက်ကြောင်း ဖော်ပြထားသည်။ အနာဂတ်ကို ရှေးရှုသည့် တောင်ကိုရီးယား-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အတွက် ဂျပန်ခေါင်းဆောင်များအနေဖြင့် သမိုင်းကို ရဲဝံ့စွာ ရင်ဆိုင်ပြီး စစ်မှန်သော နောင်တကို လုပ်ရပ်ဖြင့် သက်သေပြရန်လည်း တိုက်တွန်းထားသည်။ထို့အပြင် ဂျပန်ကာကွယ်ရေးဝန်ကြီး Shinjiro Koizumi ကိုယ်တိုင် အဆိုပါ စစ်ဘုရားကျောင်းသို့ သွားရောက်ခဲ့သည့်အတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာမူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Kim Hak-jo က ဆိုးလ်မြို့ရှိ ဂျပန်စစ်သံမှူး Takeshi Nagayoshi ကို ဝန်ကြီးဌာနသို့ ခေါ်ယူကာ ပြင်းထန်စွာ ကန့်ကွက်ကြောင်း အကြောင်းကြားခဲ့သည်။
တောင်ကိုရီးယားအစိုးရက ဂျပန်ဝန်ကြီးများ ယာဆုကူနိ စစ်ဘုရားကျောင်းသို့ သွားရောက် ဂါရဝပြုမှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ
Aug 17 • 6:48 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


