တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် လာအိုနိုင်ငံသားများအနေဖြင့် အစိုးရ၏ တရားဝင် လုပ်ငန်းစဉ်များကို ကျော်လွန်၍ မြန်မြန်ဆန်ဆန် စေလွှတ်ပေးမည်ဟု ဆိုကာ အပိုငွေကြေး တောင်းခံနေသည့် တရားမဝင် ပွဲစားများကို သတိထားကြရန် လာအို အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (MoLSW) က သတိပေးချက် ထုတ်ပြန်လိုက်သည်။တရားဝင် လုပ်သားစေလွှတ်ရေးစနစ် (Employment Permit System - EPS) အရ လာအိုအလုပ်သမားများကို တောင်ကိုရီးယားသို့ စေလွှတ်ခြင်းကို လာအိုနှင့် တောင်ကိုရီးယား အစိုးရနှစ်ရပ်ကြား တိုက်ရိုက် စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြစ်ပြီး အခြား မည်သည့် တရားမဝင် ပွဲစား သို့မဟုတ် ပြင်ပအဖွဲ့အစည်းများကိုမျှ ပါဝင်ဆောင်ရွက်ခွင့် ပြုထားခြင်း မရှိပေ။
ထို့အပြင် ကိုရီးယားဘာသာစကား သင်တန်းကျောင်းများအနေဖြင့် သင်တန်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ပြင်ပသို့ မပေါက်ကြားအောင် ထိန်းသိမ်းရန်နှင့် တရားမဝင် ပွဲစားများထံ မမျှဝေရန် လာအိုအစိုးရက သတိပေးထားသည်။ သင်တန်းသား ဒေတာများကို ပေါက်ကြားစေပါက သက်ဆိုင်ရာ သင်တန်းကျောင်းများကို နောက်နောင် EPS စာမေးပွဲများနှင့် မှတ်ပုံတင်ခြင်းများမှ ပိတ်ပင်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း တောင်ကိုရီးယားသို့ ရာသီချိန် လုပ်သား ၁၇,၀၀၀ ကျော် စေလွှတ်ရန် စီစဉ်ထားပြီး တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် လိမ်လည်ခံရခြင်းနှင့် ငွေကြေးခေါင်းပုံဖြတ်ခံရခြင်းများမှ ကာကွယ်ရန် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


