ဂျပန် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနသည် စားသုံးသူများ အသုံးပြုပြီးသား တစ်ပတ်ရစ် ပစ္စည်းများ (Used Items) ကို စိတ်ချဝယ်ယူ ရောင်းချနိုင်ရေးနှင့် မသမာသည့် စီးပွားရေးလုပ်ငန်းများ၏ လိမ်လည်မှုများမှ ကာကွယ်ရန်အတွက် ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးလုပ်ငန်းများ လိုက်နာရမည့် လမ်းညွှန်ချက်များ (Reuse Business Guidelines) ကို ရေးဆွဲသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် လိုင်စင်မရှိဘဲ အခမဲ့ လာရောက်သိမ်းဆည်းပေးမည်ဟု ကြော်ငြာပြီးမှ ဝန်ဆောင်ခ အမြောက်အမြား တောင်းခံခြင်း၊ အိမ်တိုင်ရာရောက် အတင်းအကြပ် ဝယ်ယူခြင်းနှင့် ကုန်ပစ္စည်း အရည်အသွေး လိမ်လည်ခြင်း စသည့် ပြဿနာများ ဖြစ်ပွားလျက်ရှိသည်။ အသစ်ထွက်ရှိလာမည့် လမ်းညွှန်ချက်များ၌ အွန်လိုင်း Flea Market App များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကြော်ငြာဆိုင်ရာ စံနှုန်းများနှင့် အရည်အသွေး စစ်ဆေးရေး စည်းမျဉ်းများ ပါဝင်မည်ဖြစ်သည်။ဂျပန်အစိုးရသည် ၂၀၂၄ ခုနှစ်၌ ယန်း ၃.၅ တရီလီယံ ရှိခဲ့သည့် တစ်ပတ်ရစ် ပစ္စည်းဈေးကွက် (Reuse Market) ကို ၂၀၃၀ ပြည့်နှစ်တွင် ယန်း ၄.၆ တရီလီယံ (အမေရိကန်ဒေါ်လာ ၂၉.၁ ဘီလီယံ) အထိ ၃၀ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်မှန်းထားပြီး စနစ်တကျ ရှိသော ဈေးကွက်ဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။


